ဆဒုံး နိုဝင်ဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ကက်သလစ်အသင်းတော် စိန်ဂျိုးဇက် ဘုရားကျောင်း၌ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)ကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပျော်ရွင်စွာ ကျင်းပခဲ့ကြသည်။
အဆိုပါ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)တွင် ဓမ္မဆရာ ဦးဆောင်ပြီး ခရစ်ယာန် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာကျမ်းစာများအား ဟောကြားကာ ဆုတောင်း ဝတ်ပြုခြင်း၊ ဓမ္မသီချင်းများဖြင့် သီဆိုချီးမွမ်းခြင်းများပြုလုပ်၍ အသင်းသူ အသင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကောက်သစ် ထမင်းနှင့် ဟင်းများဖြင့် ကျေးဇူးတော်အား အတူတကွခံယူခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများ အနေဖြင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။
ကောက်ပဲ သီးနှံများ ပေါ်ဦးပေါ်ဖျားဖြစ်သည့် နိုဝင်ဘာလသည် ယုံကြည်သူခရစ်ယာန်ဘာသာများက ကျေးဇူးတော်ချီးမွမ်းသည့် လအဖြစ်သက်မှတ်ထားကာ နှစ်စဉ် နှစ်တိုင်း အဆိုပါ လ အတွင်း ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)ကို ကျင်းပလျက်ရှိကြောင်းနှင့် တစ်နှစ်တာ အတွင်း ဦးစွာရရှိသည့် ပေါ်ဦးပေါ်ဖျား ကောက်ပဲ သီးနှံများ လှူဒါန်း၍ ဘုရားကျေးဇူး တော်တွေကို ချီးမွမ်း၍ ပျော်ရွှင်စွာ ချက်ပြုတ် စားသောက်ကြကြောင်း သင်းအုပ်ဆရာ ဦးဒီဘရန်အောင်က ပြောကြားသည်။
ခင်မာဝင်း (ဆဒုံး)