မိုးညှင်း နိုဝင်ဘာ ၁၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းကို ယနေ့နံနက် (၈)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အထက(၃) မိုးညှင်းမှ ကျောင်းသားကျောင်းသူများက “ပြည်မြန်မာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ဖတ်ကြားပြီး အလက(မြို့မ) ကျောင်းမှ Grade-8 ကျောင်းသူ မရွှေရည်အိမ့်ခြူးက “မြန်မာ့ကြွေးကြော်သံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ(၁၅)ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ မြို့နယ်အတွင်းရှိ အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြပြီး အထက(၁)မိုးညှင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”တေးသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း