မိုင်းယုဒေသ၌ စီးပွားဖြစ် ဆောင်းသီးနှံ ရွှေဖရုံများ စတင်ပျိုးထောင်

မိုင်းယု နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့ဖြစ်ပြီး စီးပွားဖြစ်ပြောင်းနှင့် ရွှေဖရုံများလည်းပါဝင်ကာ အောက်တိုဘာလဆန်းပိုင်းကစတင်၍ ရွှေဖရုံများကို စတင်ပျိုးထောင်စိုက်ပျိုးပြီဖြစ်ကြသည်။

ရွှေဖရုံပင်၏ အသက်ရက် (၁၀ဝ)မှ (၁၂၀)အထိရှိသောကြောင့် သက်တမ်း(၄)လအတွင်း ဆီးနှင်းကင်းသောအရပ်ဒေသတွင် စိုက်ပျိုးရန် ပိုကောင်းပြီး နွားချေးမြေသြဇာ တစ်ဧကလျှင် တန်(၂၀)မှ တန်(၃၀)အထိ ထည့်ပေးရန်လိုအပ်ကာ ကျန်ယူရီးယားဓါတ်မြေသြဇာကို ရွှေဖရုံပင်များ ပန်းစပွင့်ချိန် ရွှေဖရုံခင်းအတွင်းပက်ကြဲပေးရကြောင်း၊ ရွှေဖရုံကို မိုင်းယုဒေသတွင်မိုးဦးတွင် မေလနှင့်ဇွန်လ၊ ဆောင်းရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့၌ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူထံမှ သိရသည်။

ရွှေဖရုံကို မြေဆီသြဇာထက်သန်သည့် မြေကိုကြိုက်နှစ်သက်၍ နုန်းဆန်သော မြေဆီမြေနီသဲဝန်း၊ နုန်းစနယ်မြေများရှိသည့် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခင်နှစ်စိုက်ဧကမှာ ၁၇၅ ဧကရှိပြီး ပေါက်ဈေးမှာ တစ်ကီလိုလျှင် ကျပ်(၂၀၀) ပေါက်ဈေးရရှိပါကြောင်း သိရသည်။

ကိုကိုနိုင်