မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်၌ ပထမနှစ်ကျောင်းသား ကျောင်းသူများအား နွေးထွေးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကွန်ပျူတာတက္ကသိုလ်တွင် ဌာနမှူးများ၊ သင်တန်းမှူးများနှင့် ဆရာ၊ ဆရာမများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးက ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက မိတ်ဆက် စကား ပြောကြားခဲ့ကြသည်။

မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းတွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၈၁) ဦး ဝင်ခွင့်ရရှိခဲ့ကြကြောင်းနှင့် အဆိုပါတက္ကသိုလ်တွင် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း၊ ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်း၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်များ၏ ပထမနှစ်ဝက် ကွန်ပျူတာသိပ္ပံသင်တန်း များနှင့် ကွန်ပျူတာ နည်းပညာသင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၃) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)