အောင်မြေသာစံမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀) အား စားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များ ထောက်ပံ့လှူဒါန်း

မန္တလေး၊ စက်တင်ဘာ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသည့်အနေဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀)အား စေတနာရှင်အလှူရှင် ဦးဂိုလ်ပါးနှင့် ဇနီးဒေါ်ကံချီးမိသားစုက စားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက် (၅၈)၊ ၁၅ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။
အလှူရှင်မိသားစုက အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀) စုအား ထောက်ပံ့လှူဒါန်းရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၄၀) ကျပ်သား၊ ကြက်သွန်နီ တစ်ပိဿာနှင့် နှာခေါင်းစည်း (Mask)(၁၀)ခုပါတစ်ထုပ်စီကို ထောက်ပံ့လှူဒါန်းပေးကြပြီး ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ရပ်ကွက်အတွင်း လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ၅၀၀၀၀ ကျပ်ကိုလည်း လှူဒါန်းခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်က လက်ခံရယူသည်။
အဆိုပါ လှူဒါန်းရာသို့ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့် ရာအိမ်မှူးများက လူစုလူဝေး မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းကူညီထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 ဇော်လင်းဦး(အောင်စံ)