မိုင်းခုတ်မြို့၌ ဆောင်းမုန်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ဆောင်းရာသီတွင်စိုက်ပျိုးသော ရာသီပေါ်မုန်ညင်းစိမ်းများ ဆွတ်ခူးချိန်ရောက်၍ မုန့်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

မုန်ညင်းစိမ်းပင်များမှာ နှစ်မျိုးနှစ်စားရှိကြောင်း၊ တစ်မျိုးမှာရိုးရိုးမုန်ညင်းစိမ်းဖြစ်ပြီးနောက် တစ်မျိုးမှာမုန်ညင်းစိမ်းအကြီးမျိုးဖြစ်ကြောင်း၊ ရိုးရိုးမုန်ညင်းစိမ်းသည် အပင်သေးငယ်၍ မည်သည့်ရာသီဥတု၌မဆို စိုက်ပျိုးနိုင်ကြောင်း၊ မုန်ညင်းစိမ်းအကြီးမျိုးကို ဆောင်းဦးပေါက်ရာသီတွင် စိုက်ပျိုးကြပြီးဆောင်းရာသီတွင် ရိတ်သိမ်းရကြောင်း၊ မုန်ညင်းစိမ်းပင်များကို စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးခင်းပေါ်ကြဲပက်၍စိုက်ပျိုးပြီး ပျိုးခင်းပင်များပေါက်လာပါက စိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပျိုးကြောင်း၊  မြေဩဇာအဖြစ်မြေဆွေးနှင့်ဝက်ချေး၊ နွားချေးများကိုရောနှော၍ အသုံးပြုကြောင်း၊ မုန်ညင်းစိမ်းပင်များသည် မအေးမပူသောရာသီဥတုနှင့် မြေပွမြေဩဇာနှင့် သစ်ပင်ဆွေးများကို အထူးနှစ်သက်ကြောင်း၊  ရေလောင်းစိုက်ပျိုးရကြောင်း၊ ရက် ၆၀ မှ ၈၀ အထိရပါက ဆွတ်ခူးနိုင်ကြောင်း၊ မိမိမြေကွက်လပ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးရန်သာမက ဝယ်ယူစားသုံးလိုသူများအား သင့်လျော်ရာစည်း၍ တစ်စည်းလျှင် ငါးရာကျပ်ဖြင့်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဆောင်းမုန်ညင်းစိမ်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချနေသူ ဒေါ်နာမီးရှဲက ပြောသည်။  

မိုင်းခုတ်မြို့၌ မုန်ညင်းစိမ်းစိုက်ပျိုးသူများပြားပြီး ဒေသထွက်မုန့်ညင်းစိမ်းများမှာ သန့်ရှင်းလပ်ဆပ်ကာစား၍ အလွန်ချိုကြောင်း၊ မုန်ညင်းများကို ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားသုံးနိုင်ပြီး မုန်ညင်းချည်အဖြစ် အချည်တည်ကာ တစ်ထုတ်လျှင်ငါးရာကျပ်ဖြင့် ရောင်းချကြကြောင်းလည်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)