မိုင်းယောင်းမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး အသိပေးနှိုးဆော်မှုများ ပြုလုပ်

မိုင်းယောင်း စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် နှာခေါင်းစည်းဝတ်ဆင်ရေး အသိပေး နှိုးဆော်မှုများ ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဗလမင်းထင်လမ်းမကြီးတစ်လျှောက်နှင့် ဟိုခုံလမ်းဆုံတွင်လည်းကောင်း၊ ဗလမင်းထင်ကျောက်တိုင်လမ်းဆုံတွင် လည်းကောင်း နှာခေါင်းစည်းတပ်ဆင်ရေး အသိပေးနှိုးဆော်မှုများပြုလုပ်ပြီး လိုက်နာမှုမရှိသူများအား ဒဏ်ငွေရိုက်မှုဆောင်ရွက်ခဲ့သည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ခဲ့တယ်။ အခုအချိန်မှာတော့ နှာခေါင်းစည်း ဝတ်ဆင်မှုမရှိဘဲ သွားလာတဲ့သူတွေကို ဒဏ်ရိုက်မှုတွေ လုပ်ဆောင်နေတာပါ။ ပြည်သူတွေကို ထိခိုက်နစ်နာစေချင်လို့ အခုလိုလုပ်တာ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်းလိုက်နာမှု ရှိလာအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်”ဟု ပြောသည်။

မိုင်းယောင်းတွင် နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းမျာတပ် ဆင်ပြီး သွားလာကြရန်၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ပြည်သူများသို့ အသိပေးကြေညာချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ နှိုးဆော်ချက်များ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာက နေ့စဉ်လိုက်လံ အသိပေး ကြေညာမှုများ ပြုလုပ်လျက်ရှိသည်။

စိုင်းအောင်ဇော်လင်း