မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ တက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်မျိုးသူက အမှာစကားပြောကြားသည်။ ပါမောက္ခချုပ်ဒေါက်တာ အောင်မျိုးသူက အမှာစကားပြောကြားရာတွင် ယခုနှစ်မှ စတင်ကျောင်းတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားအသစ်များကို ကျောင်းကနွေးထွေးစွာကြိုဆိုပါကြောင်း၊ ကျောင်းတွင် တက်ရောက်ပညာ သင်ယူကြမည့် ကျောင်းသူကျောင်းများအား ဆရာဆရာမများက မိမိတို့ရဲ့ ရင်သွေးငယ်များသဖွယ် ဂရုတစိုက်ကူညီစောင့်ရှောက်ပြီး ပညာသင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းများအနေ ဖြင့် မိမိတို့၏ နေရာဒေသအသီးသီးမှာ လာရောက်ကျောင်း တက်ရသည်ဖြစ်ရာ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကျောင်းမှသင်ကြားပို့ချသည့်သက်ဆိုင်ရာဘာသာရပ်များကို ကြိုးစားသင်ယူသွားကြရန် ပြော ကြားလိုပါကြောင်း၊ မိမိတို့ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်အောင် လျှောက်လှမ်းနိုင်တဲ့ ကျောင်းသူကျောင်း သားများ ဖြစ်ကြပါစေဟု ဆုတောင်းပေးပါကြောင်း စသည်ဖြင့် ​ပြောကြားသည်။

အဆိုပါ မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက် ကြပြီးကျောင်းတွင် သင်ကြားရမည့် သက်ဆိုင်ရာဘာသာရပ်များအကြောင်းကိုလည်း မောင်မယ်သစ်လွင် ကျောင်းသူ ကျောင်းသားအား ပါမောက္ခချုပ်က မိတ်ဆက်ပြောကြားခဲ့ကြောင်းသိရသည်။

ချမ်းသာ