မိုင်းရှူးမြို့နယ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရှမ်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် နတ်တော်လဆန်း(၁)ရက်နေ့တွင်ကျ‌ရောက်မည့် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူလူထု စုဝေးကွင်း၌ ‌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ ဆရာတော် ပဓာနနာယက ဘဒ္ဒန္တကဝိန္ဒနှင့် သံဃာတော်များက မင်္ဂလာကင်းပွန်း ရေပတ်ဖျန်းခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ မိဘပြည်သူများနှင့် ရှမ်းလူငယ်မောင်မယ်များက ရှမ်းအိုးစည်အကဖြင့် တက်ညီလက်ညီ ပျော်ရွင်စွာ ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းရိုးရာအကများ၊ ရှမ်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကပြသွားမည်ဖြစ်ပြီး  တန်ဆောင်မုန်းလဆုတ်(၁၄)ရက်နေ့မှ နတ်တော်လဆန်း(၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)