ဗန်းမော် နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးက မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကလေးသူငယ်များရဲ့ အခွင့်အရေး (၄) မျိုးဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များ အပြည့်အဝရရှိရေး ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးကိုယ်စား ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်များနှင့် ပတ်သက်၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးအား ဝိုင်းဝန်းဆွေးနွေးကြပြီး မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူးက ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း စသည်ဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။