မြစ်သားမြို့နယ်တွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မြစ်သား နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာ‌ပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 တန်းမှ Grade-9 ထိ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက မြစ်သား (အထက) ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ  ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင်  အင်္ဂလိပ်စာဘာသာရပ်ကို  Grade - 5 တန်းမှ Grade 9 ထိ ကျောင်းသား၊ ကျောင်းသူ (၁၁၇) ဦးနှင့် သင်္ချာဘာသာရပ်တွင် Grade-5 တန်းမှ Grade-9 ထိ ကျောင်းသား၊ ကျောင်းသူ (၁၁၈) ဦး စုစုပေါင်း (၂၃၅) ဦး ဖြေဆိုခဲ့ကြသည်။ ပြိုင်ပွဲကို နံနက်ပိုင်းတွင် ရေးဖြေဖြေဆိုကြရပြီး နေ့လယ်ပိုင်း၌ လူတွေ့စစ်ဆေးခြင်းဖြစ်သော နှုတ်ဖြေစွမ်းရည်ဖြေဆိုခြင်းတို့ဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စစ်ဆေးဖြေဆိုကြသည်။

ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲတွင် တစ်တန်းချင်းဘာသာရပ်အလိုက် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကိုယ်စားပြုအဖြစ် ခရိုင်အဆင့်တွင် ဆက်လက်ဖြေဆိုရမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)