တောင်ကုတ်မြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

တောင်ကုတ် နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (Grade-5)မှ (Grade-9)ထိ အတန်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများထဲမှ တစ်တန်းလျှင် အင်္ဂလိပ်စာဘာသာရပ်တစ်ဦးနှင့် သင်္ချာဘာသာရပ်အတွက် တစ်ဦးစီ စိစစ်ရွေးချယ်၍ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၆၆)ဦးနှင့် သင်္ချာဘာသာရပ်တွင်(၁၀၇)ဦး တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်ထံမှ သိရသည်။

စွမ်းရည်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)