နည်းပညာတက္ကသိုလ်၊ တောင်ကြီးတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နည်းပညာတက္ကသိုလ်၊ တောင်ကြီး၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်၊ တောင်ကြီးပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှအားကိုးအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင် အင်ဂျင်နီယာကောင်းများဖြစ်အောင် ကြိုးစာကြရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူအားလုံး အေးချမ်းစွာနှင့် ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လိုအပ်သည့် အထောက်အပံ့များကိုလည်း  တတ်နိုင်သမျှ ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယပါမောက္ခချုပ်က ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ပရဝုဏ် နယ်မြေအတွင်း အဆင်ပြေစွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်မှချမှတ်ထားသည့် စည်းကမ်းများကိုလည်း ကောင်းမွန်စွာ လိုက်နာကျင့်သုံးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနမှူးတို့က အသီးသီးမိတ်ဆက်စကားများပြောကြားကြပြီး ပါမောက္ခချုပ် ဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ အခမ်းအနား အထိမ်းအမှတ်ကိတ်မုန့် မီးထွန်းညှိ၍ ကျောင်းသား၊ ကျောင်းသူများအားနွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်)ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ (၁၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလင်း(တောင်ကြီး)