မိတ္ထီလာမြို့နယ်တွင် ဆည်ရေသောက်တောင်သူများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆည်ရေကို အညီအမျှခွဲဝေအသုံးပြုနိုင်ရန် ရေစီမံခန့်ခွဲမှုဆိုင်ရာနည်းပညာပံ့ပိုးမှုနှင် ရေအသုံးချသူများအဖွဲ့(WUG) ညှိနှိုင်းပေါင်းစပ် တွေ့ဆုံပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ချောင်းကောက်ဆည်ရေသောက်စနစ် ရေစီမံခန့်ခွဲမှုဆိုင်ရာနည်းပညာပံ့ပိုးမှုနှင့် ရေအသုံးချသူများအဖွဲ့ ညှိနှိုင်းပေါင်းစပ်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီ ၃၀မိနစ်အချိန်က ကွက်ငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဇော်ဇော်ဦးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မျိုးကောင်းမျိုးသန့် ပြန့်ပွားအောင်နှင့် စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်က လယ်ယာ မြေများနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်ဇော်သိန်းက ရေအသုံးချသူများအဖွဲ့(WUG)မှ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းထွန်းစံက လယ်ယာမြေပြုပြင် ခြင်းလုပ်ငန်းများနှင့် သီးနှံများရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူစေရေး ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးက ချောင်းကောက်ရေလှောင်တမံရေသောက်စနစ်ဖြင့် စိုက်ဧက ၁၄၀၀ကျော် အကျိုးပြုပြီး ကွက်ငယ်၊ ပန်းတင်၊ ညောင်ပင်ကြီး၊ ဒဟတ္တန်း၊ ရေဝေ၊ တဲကြီးကုန်းကျေးရွာများမှ လယ်ယာစိုက်ပျိုးသည့် တောင်သူ ၄၀၂ ဦးရှိ၍ ချောင်းကောက်လက်ဝဲမြောင်း DY-3မြောင်းမှ ရေအသုံးချသူများအဖွဲ့(WUG) ၂၁ ဖွဲ့စည်းထားသည်။ ဒီလိုဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ် ဆည်ရေသောက်တောင်သူများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆည်ရေကို အညီအမျှ ခွဲဝေအသုံးပြုနိုင်ခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းကြောင့် ဆည်ရေ လေလွင့်ဆုံးရှုံးမှုနည်းပါးကာ ပိုမိုထိရောက် အကျိုးရှိစွာ အသုံးပြုလာနိုင်ပြီဖြစ်ပါကြောင်းနှင့် ချောင်းကောက်ရေလှောင်တမံရေသောက်စနစ်မှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ ရေ သောက်မြောင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ရေအသုံးချသူများအဖွဲ့ (WUG)များမှ ရေရယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြကြရာ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူတို့က  တင်ပြေမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်  ချောင်းကောက်ရေလှောင်တမံရေသောက်စနစ်ဖြင့်  မိုးစပါးစိုက် ဧက  ၁၀၀ သတ်မှတ်လျားထားသော်လည်း စိုက်ဧက ၃၂၇ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)