သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သိန္နီ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့် က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ကလေးငယ် များအပေါ် လုပ်အားခေါင်းပုံဖြတ်ခံရမှုမရှိစေရေး၊ ကလေးငယ်များ လူကုန်ကူးခံရ၍ ခိုင်းစေခံရသည့် ဖြစ်စဉ်များ၊ ကလေးငယ်များအား လူသားချင်းစာနာထောက်ထားသောအားဖြင့် မနိုင်ဝန်ခိုင်း စေခြင်းများ မပြုလုပ်စေရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာ သင်ကြားရမည့်အရွယ် ပညာသင်ခွင့် ရရှိနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် စာကို ကြိုးစား၍ သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)