ကျိုက်ထိုမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန် တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ကျိုက်ထို နို၀င်ဘာ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အတွင်း  မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား နို၀င်ဘာတတိယအပတ် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက နေကြာသီးနှံမျိုးစေ့ပေးအပ်ရခြင်းနှင့် ပက်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦး၀င်းဗိုလ်က မိုးစပါးကိုရိတ်သိမ်းပြီးဖြစ်၍ ဆောင်းသီးနှံ အဖြစ် နေကြာသီးနှံစိုက်ပျိုးရန် မိမိတို့ဌာနမှစိုက်ပျိုးလိုသည့် တောင်သူများအား ကြိုတင်၍ သင်တန်းပို့ချထားသည့်အတွက် လေလွင့်ဆုံးရှုံးမှုမရှိစေရန် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ယင်းနောက်နေကြာသီးနှံစိုက်ပျိုးမည့် ကော့ထင်းကျေးရွာနှင့် ကျိုက်ပိကျေးရွာတို့ရှိ တောင်သူ(၃၅)ဦး၏လယ်ဧက(၂၀၀)အတွက် နေကြာသီးနှံမျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င်များမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦး၀င်ဗိုလ်‌နှင့်၀န်ထမ်းများက နေကြာသီးနှံမျိုး‌စေ့များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ပြန်/ဆက်)