ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၌ မောင်မယ်သစ်လွင်နေ့ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၁

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်စန္ဒာအောင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းမှ တက်‌ရောက်လာသည့် မောင်မယ်သစ်လွင်များအား ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ဆရာ၊ ဆရာမများကိုယ်စား ဒေါက်တာနန်းကေသီလှိုင်မှ ကြိုဆိုစကား ပြောကြားခဲ့သည်။

ထို့နောက် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများက မိမိတို့ဘာသာရပ်အလိုက် မိတ်ဆက်စကား ပြောကြားကြပြီး ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးကြ သည်။  ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများက မောင်မယ်သစ်လွင်များအား Campus Tour အဖြစ် စာကြည့်တိုက်၊ ဘာသာရပ်ဌာနများ၊ Languages Lab၊ FCST Lab၊ Physics Lab နှင့် ကွန်ပျူတာခန်းများအား လှည့်လည်ပြသပြီး ဘာသာရပ်အလိုက် ဆောင်ရွက်ချက်များ၊ Project များအား ရှင်းလင်း ပြသကြသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ ကွန်ပျူတာတက္ကသိုလ်သို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက် ရှိရာ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၇၀ ရာခိုင်နှုန်း ကျောင်းဝင်ရောက်ကာ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)