ဗန်းမော် စက်တင်ဘာ ၂၁
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၈ နာရီက ဗန်းမော်မြို့ သိမ်မဟာစေတီတော်ကြီးဘုရားရှေ့ လမ်းဆုံနှင့် လူသွားလူလာများသည့် နေရာများတွင် နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့ သာသနာ့ရက္ခိတမာမကအဖွဲ့တို့က ပူးပေါင်း၍ ဗန်းမော်မြို့တွင် နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ သွားလာနေသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask)စုစုပေါင်း (၃၀၀၀)ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး သွားလာသည့် မော်တော်ဆိုင်ကယ်များကို အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များတို့က ၂၀၂၀ ပြည့်နှစ် ပြဋ္ဌာန်းထားသော မော်တော်ယာဉ်သစ်ဥပဒေအရ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
“ကိုဗစ်-၁၉ ကို ကာကွယ်ဖို့အရေး တစ်ထောင့်တစ်နေရာကနေ ဝိုင်းဝန်းကူညီ ပေးတာပေါ့၊ ကိုဗစ်-၁၉ က ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တယ်၊ အဲ့ပုံစံနဲ့ ကျွန်တော်တို့ အဖွဲ့ကနေပြီးတော့ ပရဟိတစိတ်ဓာတ်နဲ့ပဲ ဝိုင်းပြီးကူညီကြတာပါ” ဟု ဗန်းမော်မြို့ သာသနာ့ရက္ခိတမာမကအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုဦးက ပြောသည်။
ဗန်းမော်မြို့ သာသနာ့ရက္ခိတမာမကအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များက ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)