ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ကိုယ်စားမြို့နယ်ရဲတပ်ဖွဲ့ ဒု- ရဲမှူးဇော်မိုးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဒေါ်ဆွေဆွေဦးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူးဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က မြို့နယ်အတွင်း ဆောင်ရွက်မည့်ကလေးသူငယ်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အတွင်းကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝေယံ(IPRD)