တံတား နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ မြို့မစည်ပင်သာယာရေးအဖွဲ့(အောင်သီရိစျေး)အရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းက မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဆိုင်ခန်းတိုင်း မီးသတ်ဆေးဘူးတစ်ဘူးနှုန်းထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ ရေ၊သဲ ထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုမရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက်လက်တွေ့မီးငြိမ်းသတ်ပုံများကို တံတားနယ်မြေ မီးသတ်စခန်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသကြသည်၊ အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက စျေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(တံတား)