တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေးဝန်ထမ်းနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကြပ်မတ်ဆောင်ရွက်

တံတားဦး၊ စက်တင်ဘာ   ၂၁

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးကို အဓိကထား၍ နေ့စဉ်နံနက်(၆)နာရီမှစတင်ကာ ကျန်းမာရေးဝန်ထမ်းနှင့် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားမော်တော်ယာဉ်များပေါ်တွင် လိုက်ပါကြသူများ၊ အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာသူများကို အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်စေခြင်း၊  မော်တော် ယာဉ်များကို ခရီးသွားထောက်ခံစာများပါရှိမှသာလျှင် စစ်ဆေးရေးဂိတ်မှဖြတ်သန်းသွားလာခွင့်ပြုခြင်း၊ ဆိုင်ကယ်မောင်းနှင်သူများ၊ စက်ဘီးစီးနင်းသူများ၊ သုံးဘီးဆိုက်ကားမောင်းနှင်သူများကိုလည်း နှာခေါင်းစည်းစနစ်တကျတပ်ဆင်စေခြင်းဖြင့် ပညာပေးဆောင်ရွက်ကာ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့ဝင်ဂိတ်တွင် တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပြ၍သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးသူများလည်း ရှိနေသည့်အတွက် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ကာကွယ်ရန်လိုကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးထက်ထံမှ သိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)