မိုင်းပန်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်အကြို အားကစားပြိုင်ပွဲများ စတင်ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၂၁

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် (ကောက်သစ်စားပွဲတော်)ကို မိုင်းပန်မြို့နယ် နောင်လုံကျေးရွာရှိ နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တန်ဆောင်မုန်းလဆုတ်(၁၄)ရက်နေ့မှ နတ်တော်လဆန်း(၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

​ရှမ်းအမျိုးသားတို့ အစဉ်အလာအရ စဉ်ဆက်မပြတ်ထိန်းသိမ်းလာခဲ့သော နေ့ထူးနေ့မြတ် ဖြစ်သည့် နတ်တော်လဆန်း(၁)ရက် ရှမ်းသက္ကရာဇ်(၂၁၁၇)ခု ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို မိုင်းပန်မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှှိသူများ၊ ရပ်ကွက်/ကျေးရွာလူကြီးများ၊ ရပ်မိရပ်ဖများနှင့် ရှမ်းလူငယ်မောင်မယ်များမှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ယနေ့နံနက်(၁၁)နာရီအချိန်တွင် အားကစားပြိုင်ပွဲများ စတင်ကျင်းပနေပြီးဖြစ်ပြီး တန်ဆောင်မုန်းလကွယ် ညနေအချိန်တွင် ရှမ်းရိုးရာအကများ၊ ရှမ်းတေးသီချင်းများ(ခေတ်ဟောင်း၊ ခေတ်ပေါ်)သီချင်းများဖြင့် သီဆိုဖျော်ဖြေ ကပြသွားမည်ဖြစ်ကာ သန်းခေါင်ယံ (၁၂)နာရီတိတိအချိန်တွင် နှစ်ဟောင်းအား နှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် မီးရှူး/မီးပန်းများလွှတ်ခြင်း၊ ရှမ်းရိုးရာသီချင်းများဖြင့် ဆက်လက်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နတ်တော်လဆန်း(၁)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် စာပေဖတ်ကြားပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကာ ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အကပဒေသာများဖြင့် ဆက်လက်သီဆို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

​​​မြို့နယ်(ပြန်/ဆက်)