ကချင်ပြည်နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးသွားမည်

မြစ်ကြီးနား နိုဝင်ဘာ ၂၁     

ကချင်ပြည်နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဆီမုန်ညှင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် အခြားသီးနှံ ပဲမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်နှုန်းကောင်းသည့် နေကြာ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက (၁၀၇၀၀၀) ကျော် စိုက်ပျိုးရန်လျာထား စိုက်ပျိုးခဲ့ရာ နိုဝင်ဘာလ ပထမပတ်အထိ ဧက (၁၀၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် အခြားသီးနှံ ပဲမျိုးစုံစိုက်ပျိုးရန် ဧက (၆၅၀၀၀) ကျော် လျာထားစိုက်ပျိုးခဲ့ရာ ဧက (၅၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်လွင်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ယခင်နှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဆီမုန်ညှင်း စိုက်ဧက (၃၀၀၀၀) ကျော်၊ မြေပဲ (၂၈၀၀၀) ဧကကျော်၊ နှမ်း (၁၆၀၀၀)ကျော်၊ ပန်းနှမ်း (၈၀၀၀) ဧကကျော်၊ နေကြာ (၆၀၀) ဧကကျော် စုစုပေါင်းစိုက်ဧက (၉၂၄၀၀) ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို ဧက (၁၀၀၀၀) ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ ရပ်ကွက်ကျေးရွာများအလိုက် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)