မုဒုံ နိုဝင်ဘာ ၂၁
မွန်ပြည်နယ် မုဒုံမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို သိထားသင့်သည့် အချက်များ သိရှိစေရန်၊ စီမံ၊ ဘဏ္ဍာ၊ ပညာရပ်ဆိုင်ရာလုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည် အရေးပါသည့်အတွက် မိမိတို့၏စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်လျက်ရှိပြီး မွန်ပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်မျိုးသန့်နှင့် တာဝန်ရှိသူများက ပညာရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်တို့ကို နှစ်ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)