ဒဂုံတောင် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်း(၀၆:၀၀)အချိန်ကစတင်၍ ကောင်းမွန်သောငွေထုတ်စနစ်များဖြစ်သည့် E-ပင်စင်ကတ်၊ Myanmar Mobile Money (MMM)စနစ်နှင့် ငွေစုဘဏ်စာရင်းရှင်စာရင်းဖွင့်လှစ်ထုတ်ပေးခြင်းစနစ်များဖြင့် အချိန်မြန်ဆန်စွာ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ပင်စင်ထုတ်ယူရန် လာရောက်သည့် ပင်စင်စားများအနေဖြင့် ငွေထုတ်ယူရာတွင် အခက်အခဲမဖြစ်ပေါ်စေရေး၊အချိန်ကုန် သက်သာစေရေးနှင့် စိတ်ချမ်းသာစွာဖြင့် ငွေထုတ်ယူနိုင်ရေးတို့အတွက် ငွေပေးကောင်တာ(၃)ခု စီစဉ်ထားရှိပေးခြင်းအပြင် ဘဏ်ဝန်းအတွင်း နေရာထိုင်ခင်းပြည့်ပြည့်စုံစုံစီစဉ်ထားရှိပြီး နေရာချထားရေးအပါအဝင် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဘဏ်ခွဲရှိဝန်ထမ်းများအား စနစ်တကျ တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးထားကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပင်စင်ထုတ်ပေးနေမှုများကို နိုဝင်ဘာ(၂၁)ရက်နေ့မှ ဒီဇင်ဘာ(၂၀)ရက်နေ့အထိ ရုံးဖွင့်ရက်တိုင်း ဆက်လက်ထုတ်ပေးနေမည်ဖြစ်ပြီး ပင်စင်လာရောက်ထုတ်ယူသူများကိုလည်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက ကော်ဖီနှင့်မုန့်များ၊ သောက်ရေသန့်များ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း(Mask)များ ထားရှိဆောင်ရွက်ပေးထားသည့်အပြင် ယခုလိုစနစ်ကျ ကောင်းမွန်မြန်ဆန်သော ငွေထုတ်စနစ်များကို လစဉ်လတိုင်း ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)