ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်

ကျိုင်းတောင်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပွင်းလင်းရာသီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် ရပ်ကွက်အတွင်းရှိ အိုးအိမ်များသို့ တစ်အိမ်တကက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့် တပ်ဖွဲ့ဝင်များက ကျိုင်းတောင်းမြို့ အမှတ်(၅)ရပ်ကွက်အတွင်းရှိ အိုးအိမ်များသို့ တစ်အိမ်တက်ဆင်း၍ အရေးပေါ် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသုံးပြုနေသည့် မီးသတ်ဆေးဘူးများ အရေးပေါ်သုံးစွဲနိုင်မှု သက်တမ်းရှိ/မရှိ၊ လျှပ်စစ်အသုံးပြုမှုအခြေအနေများ၊ မီးချိတ်မီးကပ် ထားရှိမှုရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားသွားခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်များ တစ်စုံတစ်ရာဖြစ်ပွားလာပါက ဆက်သွယ်နိုင်မည့် အရေးပေါ်ဖုန်းနံပါတ်များကို လူစည်ကားရာနေရာများ၌ လိုက်လံချိတ်ဆွဲပြသဆောင်ရွက် ထားရှိခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)