ပြင်ဦးလွင်မြို့နယ်တွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်

ပြင်ဦးလွင် နိုဝင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ စုပေါင်းစိုက်ပျိုးရေးခြံတွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်းကို ယမန် နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Kunming Dian Wang Flowers ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ Dian Wang Trading ကုမ္ပဏီလီမိတက်တို့၏ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ သင်တန်းကို မြန်မာနိုင်ငံအတွင်းရှိ ပန်းအလှစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းကို စိတ်ဝင်စားသူများအား လုပ်ငန်းခွင်အတွင်း အခြေခံကျကျ ကျွမ်းကျင်တတ်မြောက်၍ စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့် သင်တန်းမှာစတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပထမအကြိမ် ဖွင့်လှစ်မှုကို ရန်ကုန်တက္ကသိုလ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို မန္တလေး ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင်လည်းကောင်း၊ တတိအကြိမ်ဖွင့်လှစ်မှုကို ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ စုပေါင်းစိုက်ပျိုးရေးခြံတွင်လည်းကောင်း သင်တန်း ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Kunming Dian Wang Flowers ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ Dian Wang Trading ကုမ္ပဏီလီမိတက်တို့၏ ပူးပေါင်းမှုဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်းကို  ဖွင့်လှစ်သင်ကြား ပေးနိုင်ရန် အစီအစဉ်ရှိကြောင်းနှင့် ယခု စတုတ္ထအကြိမ် ဖွင့်လှစ်သည့် သင်တန်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ ပန်းမန်စိုက်ပျိုးရေး  ပညာရှင်နှစ်ဦးနှင့် ပန်းအလှဆင်ထိုးခြင်းဆိုင်ရာ ပညာရှင်တို့မှ သင်တန်းပို့ချသွားမည်ဖြစ်ကာ သင်တန်းသို့ မန္တလေး၊ လားရှိုး၊ မူဆယ်နှင့် ပြင်ဦးလွင်မြို့တို့မှ သင်တန်းသား/သူ (၉၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။  

ဖြူလူသစ်(ပြန်/ဆက်)