ပင်းတယမြို့ ကျားကုန်းကျေးရွာ၌ ငရုပ်သီးခြောက်လုပ်ငန်းဖြင့်အဆင်ပြေ

ပင်းတယ  နိုဝင်ဘာ ၂၁

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စုနှင့် ကျုံးကျေးရွာအုပ်စုရှိကျေးရွာများတွင် ငရုပ်သီးခြောက် (ဒေသအခေါ်စပ်သီးခြောက်) လုပ်ငန်းဖြင့် စီးပွါးရေးလုပ်ငန်းများဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငရုပ်သီးခြောက်လုပ်ငန်းနှင့်ပတ်သက်၍ စိုက်ပျိုးသည့်တောင်သူ ဦးမောင်ဝင်းက  အခုဆိုရင် ကျွန်တော်တို့ကျားကုန်းကျေးရွာမှာ အိမ်တိုင်းလိုလို ဂျင်းစိုက်ခင်းထဲတွင် သီးညှပ်အဖြစ်စိုက်ပျိုးထားသည့် ငရုပ်သီးများကိုခူးဆွတ်နေရပြီဖြစ်သည့်အတွက် အဆင်ပြေလျက် ရှိကြောင်း ပြောကြားသည်။

ငရုပ်သီး(စပ်သီး)ပင်ကို ကဆုန်လမှစ၍ စတင်စိုက်ပျိုးပြီးတန်ဆောင်မုန်းနှင့် နတ်တော်လများတွင် ခူးဆွတ်ရကြောင်း ငရပ်သီးအစို (၄)ပိဿာတွင် အခြောက်(၁)ပိဿာရရှိကြောင်း နေ့ခဖြင့်ခူးဆွတ်ပါက လူတစ်ဦးကို တစ်နေ့လုပ်အားခ ၅၀၀၀ (ငါးထောင်ကျပ်)ပေးရပြီး ငရုပ်သီးအစိုကို ရောင်းချခြင်းမရှိဘဲ နေလှန်း၍အခြောက်ခံသည့်စနစ်ဖြင့် ပြုလုပ်ကာ အခြောက်တစ်ပိဿာလျှင် ၂၀၀၀၀ (နှစ်သောင်း)ကျပ် ရရှိပြီး တစ်အိမ်ထောင်တွင် အနည်းဆုံး ငရုပ်သီးပိဿာအချိန်(၅၀)မှ (၂၀၀) အထိရရှိကြသည့်အတွက် ကျွန်တော်တို့ကျေးရွာက ငရုပ်သီးကို  ဒေသငရုပ်သီးမျိုးသာစိုက်ပျိုးကြပြီး အရင်နှစ်က ငရုပ်သီးစျေးနှုန်းမှာ တစ်ပိဿာ ၃၅၀၀ (သုံးထောင်ငါးရာ)ကျပ်သာ ရရှိကာ ယခုနှစ်တွင် စျေးနှုန်းသိသိသာသာ တိုးလာသည့်အတွက် ကျွန်တော်တို့ငရုပ်စိုက်သည့်တောင်သူများ ဝမ်းသာလျက်ရှိပြီး အပိုဝင်ငွေများရရှိနေကြောင်း သိရသည်။

မိုးမိုးထွေး