တာမွေမြို့နယ်တွင် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) မြို့နယ်တာဝန်ခံရုံး၌ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဇော်သက်နှင့် နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်တို့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အလေးထားဆောင်ရွက်ကြရန်၊ မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက ချက်ချင်းဆက်သွယ်သတင်းပို့ရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက မိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်