မိုင်းကိုင် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများကို ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့မနက်ပိုင်းက ဟိုခဲကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာဈေးအတွင်း၌ ကျေးရွာအရောက် ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းမှုတွင် ပန်းခင်းစီမံချက်(၂)အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ (၁၇)လ အကြာကာလအတွင်း အသက်(၁၈) နှစ်ပြည့်လာမည့်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်း အထောက်အထား၊ အချက်အလက်များ မှန်ကန်စေရေးအတွက် ရည်ရွယ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်ပုံတင်ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ပြည်သူတို့ပန်ကြားချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း မှတ်ပုံတင်ကတ်ပြား(၂)ကတ်နှင့်အထက် ကိုင်ဆောင်ထားသူများအား စာရင်းမှပယ်ဖျက် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ မှတ်ပုံတင်ကတ်ပြားအသစ်ထုတ်ပေးမှု ၂၂၄ ဦး၊ အိမ်ထောင်စုလူဦးရေစာရင်းအသစ် ၆၀ အိမ်ထောင်စုတို့ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)