ရန်ကုန် နိုဝင်ဘာ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ ( Community Centre)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူး၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များ ပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေ ပြည်သူ့ဆက်ဆံရေးအခန်းကဏ္ဍ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ကိုယ်ရည် ကိုယ်သွေးများ တိုးတက်အောင် ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြရန် ပြောကြားသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၁၉ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)