ကျောက်ဖြူ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးကက်မှုနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်း မတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲနှင့် ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုဝင်ဘာ (၁၉) ရက်နေ့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်၊ ရေးဖြေတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအထဲမှ စိစစ်ရွေးချယ်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူ (၉) ဦးတို့မှ နှုတ်မှုစွမ်းရည်တို့အားလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူ(၉၂)ဦးတို့ကို လူတွေ့စစ်ဆေးမှုအားလည်းကောင်း ပြုလုပ်ခဲ့ကြပြီး ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို ဆက်လက်စိစစ်ရွေးချယ်ကာ ပြည်နယ်အဆင့်သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)