မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာငှားခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ နယ်လှည့်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရဖွယ်စာအုပ်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုစာအုပ်များ၊ နိုင်ငံကျော် အားကစားသမား၏ စာအုပ်များ၊ နိုင်ငံကျော်အနုပညာရှင်များ၏ စာအုပ်များ၊ အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်များအကြောင်း၊ ပုံပြင်စာအုပ်များ၊ ရုပ်ပြနှင့် တာတွန်းစာအုပ်များကို သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။ စာအုပ်စာစောင်များငှားရမ်းရာတွင် ကျောင်းသား၊ ကျောင်းသူ (၈၀)ဦးနှင့် ဆရာ/ဆရာမ (၈)ဦးတို့အား စုစုပေါင်း စာအုပ် (၁၁၀)အုပ် ငှားရမ်းပေးခဲ့နိုင်ကြောင်းလည်း သိရသည်။ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  နယ်လှည့်၍ ငှားခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်၊ ဌာနဆိုင်ရာ ရုံးများနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်းလည်း သိရသည်။

စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)