ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိ

​ကျောက်ဆည် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး (အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွား ပြည်သူ (၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် စီးနင်းလိုက်ပါသူများမှာ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး၊ စုစု ပေါင်း(၅)ဦး ဖြစ်ပြီး အဆိုပါ ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အမည်၊ အသက်၊ နေရပ် လိပ်စာ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ အကြောင်းနှင့် ခရီးသွားရာဇဝင်များ မေးမြန်းကာ စနစ်တကျ လက်များ သန့်စင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းကာ လက်ရှိသွားရောက်မည့် နေရပ်များကို မေးမြန်း စိစစ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ဆောင်ရွက်ပြီးနောက် ဆွာမြို့နယ်နှင့် ပဲခူးမြို့တို့မှလိုက်ပါလာပြီး မန္တလေးသို့ ဆက်လက်သွားမည့် အမျိုးသမီး(၂)ဦး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်သို့ ဆက်သွားမည့် အမျိုးသား(၁)ဦးတို့အား သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ချိတ်ဆက်ခဲ့ပြီး လွှဲပြောင်းပေးအပ်ခဲ့ကာ ရမည်းသင်းမှ လိုက်ပါလာပြီး ကျောက်ဆည်မြို့တွင် စျေး အရောင်းအဝယ်ပြုလုပ်မည့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)တို့အား ၎င်းတို့ နေထိုင်ရာ နေရပ်များများသို့ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)