မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတက်​ရောက်

မော်လမြိုင် နိုဝင်ဘာ ၂၀

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။ မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကဏ္ဍအသီးသီးမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာ​စေ​ရေး​ဆောင်ရွက်​ပေးလျက်ရှိသလိုဒေသအတွင်း လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မား​ရေးကိုလည်း အထူးအ​လေးထား​ ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ကိုဗစ်-၁၉ ​ရောဂါကာလအတွင်း အချို့​သောစီးပွား​ရေးလုပ်ငန်းများ ရပ်နားရခဲ့ရခြင်း၊ အနည်းဆုံးနှင့် အကျဉ်းဆုံးဖြင့်သာ လုပ်ငန်းပြန်လည်စတင်နေရခြင်းတို့​ကြောင့် အရင်းအနှီးအားနည်းသည့် စီးပွား​ရေးလုပ်ငန်းများအား ပြန်လည်ကုစား​ပေးနိုင်​ရေးနှင့် ပိုမိုအား​ကောင်း​အောင် မြှင့်တင်​နိုင်​​ရေးဆောင်ရွက်​ပေးကြရန်လို​အပ်ကြောင်း၊ စိုက်ပျိုး​ရေးကို အ​ခြေခံသည့် ကုန်ထုပ်လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင်စီးပွား​​ရေးလုပ်ငန်းများကို အား​ပေး​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ အလားအလာကောင်းသည့် ​ဒေသထွက်ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး၊ ထုတ်ကုန်များကို နည်းပညာစက်ပစ္စည်း အကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်လာစေရေးနှင့် ပြည်နယ်၏ GDP ကို မြှင့်တင်နိုင်ရေး အားလုံးဝိုင်းဝန်းပူး​ပေါင်း ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထိုနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး တက်​ရောက်လာသူများမှ စိုက်ပျိုး​မွေးမှု​ရေးကုန်ထုပ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ​ဒေသထွက်စား​သောက်ကုန်နှင့် အခြားကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်​ဆောင်ရွက်နိုင်​ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​​ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)