မိုင်းခုတ်မြို့၊ ဝမ်ဝိန်းကျေးရွာရှိ ခရမ်းစိုက်ခင်းအောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကအားထားလုပ်ကိုင်လျက်ရှိရာ အမှတ်(၂)ရပ်ကွက် (ဝမ်ဝိန်း)ရှိ တောင်သူ ဦးကျော်ဦး၏ စိုက်ပျိုးရေးခြံ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ခရမ်းပင်များ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ခရမ်းပင်များကို ပျိုးဘောင်တွင် အစေ့ချစနစ်ဖြင့် စတင်ပျိုးထောင်စိုက်ပျိုးပြီး (၂၅)ရက်မှ (၂၈)ရက်သားရရှိပါက စိုက်ဘောင်တွင် ခွဲ၍ စိုက်ပျိုးကြောင်း၊ ခရမ်းပင်များသည် ရေကြိုက်သဖြင့် ရေသွင်းစိုက်ပျိုးရကြောင်း၊ ၂ လအကြာတွင် စတင်အသီးသီးပြီး ၂ လခွဲ ၃ အကြာတွင် အသီးလှိုင်လှိုင်သီးကြောင်း၊ အသီး၏အရွယ်အစားမှာ လုံးပတ် တစ်ပေခန့်ရှိကြောင်း၊  သီးလုံးဖောက်ပိုး၊ ခေါင်ညွှန့်ပိုးများ ကျရောက် တတ်သဖြင့် ဆိုင်ရင်ဖော့စရင်း ပိုးသတ်ဆေးဖြန်းပေးရပြီး ပြပိုးကျရောက်ပါက ဒါနာဒင်ပိုးသတ်ဆေးဖြန့်ပေးရကြောင်း၊ ခရမ်းပင်တစ်ပင်လျှင် အသီး ၇ လုံးမှ  ၁၀ လုံးအထိသီးကြောင်း၊ ရောင်းချမှုအနေဖြင့် ခရမ်းသီး အရွယ်အစား ပေါ်မူတည်ကာ ၃/၅ လုံးကို တစ်ထောင်ကျပ်ဖြင့် ရောင်းချကြောင်း၊ စိုက်ပျိုးစရိတ် အလွန်သက်သာပြီး တစ်ခါစိုက်ပြီးပါက နောက်တစ်ကြိမ်စိုက်ပျိုးရန် မျိုးစေ့များကို ဘူးအတွင်း လုံခြုံစွာပိတ်၍ သိမ်းထားနိုင်ကြောင်း၊ ယခုအခါ စိုက်ခင်းအတွင်း ခရမ်းပင် ၃၂၀ စိုက်ပျိုး ထားကြောင်း၊ မိမိပိုင် မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားခြင်းဖြင့် မိသားစု စား၊ ဝတ်၊ နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း တောင်သူ ဦးကျော်ဦးက ပြောသည်။

မိုင်းခုတ်မြို့တွင် ခရမ်းပင်များကို ဝမ်ဝိန်းကျေးရွာ၊ ဝမ်ကတ်ကျေးရွာ၊ နောင်တုံကျေးရွာ၊ ဝမ်ပုံကျေးရွာနှင့် ဟိုခန့်ကျေးရွာများတွင် ရာသီမရွေးအများဆုံး စိုက်ပျိုးကြပြီး ဆောင်းရာသီတွင် စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဝယ်ယူစားသုံးမှုအနေဖြင့် ဒေသခံပြည်သူများအပြင် မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)