ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အခြေခံပညာ မူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟိုပုံး နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ အခြေခံပညာမူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် အလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ သီရိမင်္ဂလာဗိမာန်တွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သက်မူက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးသစ်က အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၏ သင်ကြားမှုသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန် လာစေရန်၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမ (၆၆၄)ဦးတက် ရောက်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအား ၁၆:၃၀ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)