ရန်ကုန် နိုဝင်ဘာ ၂၀
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိသည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် ၁၀ဦးပေါ်ထွက်လာပြီး ပွဲစဉ်(၁၂)အား ပြဌာန်းတေးသီချင်းများနှင့် စိတ်ကြိုက်တေးသီချင်းများကို သီဆိုယှဉ်ပြိုင်ကြပြီးဖြစ်သည်။
အဆိုပါ ဒုတိယအဆင့်(Level-2) တွင် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်တက်သစ်စ အနုပညာရှင်များ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားအသစ်များ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁နာရီက ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်၆၀၄/၆၀၈၊ ၃၁လမ်းနှင့် ၃၂ လမ်းကြား ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာကြရာ၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ မျော်မှန်းချက်၊ နောက်ခံသမိုင်းများကိုလည်းကောင်း၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော၊ ရည်ညွှန်း ဝန်ဆောင်မှုများ စာဖတ်ခန်းဝန်ဆောင်မှုများ၊ စာငှားဝန်ဆောင်မှုများ၊ Multimedia Room Service၊ Digital Library Room Service၊ မူပိုင်ခွင့်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မိတ္တူကူးခြင်း၊ ဒီဂျစ်တယ်ပုံစံပြောင်းခြင်း ဝန်ဆောင်မှုများ၊ Audio Video Room Service၊ မသန်စွမ်းသူများအတွက် စာဖတ်ခန်းဝန်ဆောင်မှုနှင့် ကလေးစာကြည့်တိုက်အကြောင်းတို့ကို အသေးစိတ် ရှင်းပြကြရာ လာရောက်ကြည့်ရှု့ လေ့လာကြသူများအနေဖြင့် အသိပညာဗဟုသုတများစွာ ရရှိကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်များနှင့် မိသားစုများသည်၊ နံနက်ပိုင်းတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်နှင့် မဟာဗန္ဓုလပန်းခြံအတွင်းသို့ သွားရောက် ဖူးမြော်ကြည်ညို၊ အပန်းဖြေခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)