ပင်လောင်းမြို့နယ်အတွင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာများသို့ လက်လှည့်ပြောင်းခြွေစက် ပေးအပ်ပွဲနှင့် အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ် သိမ်းပွဲကျင်းပ

နောင်တရား နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု နောင်ချိုကျေးရွာ၌ ကျေးရွာလူထု ပုံမှန်ဝင်ငွေရရှိရေးနှင့် ရေရှည် တည့်တံ့ရေးအတွက် မယ့်ဖါးလုံဖောင်ဒေးရှင်းနှင့် CPP ကုမ္ပဏီတို့ ပူးပေါင်း၍ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာများသို့ လက်လှည့်ပြောင်းခြွေစက် ပေးအပ်ပွဲနှင့် အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီ တွင် ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားသည်။ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေရွှေမာက ပြောင်းစိုက်ပျိုးခြင်းနှင့် ပတ်သက်သော အကျိုးကျေးဇူးများကို လည်းကောင်း၊ CPPF ကုမ္ပဏီမှ Executive Vice President Mr.Worasit က ဒေသဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးအတွက် CPPF ကုမ္ပဏီမှ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မယ့်ဖါးလုံဖောင်ဒေးရှင်း ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံဖြိုးရေးစီမံကိန်းမှ  အလုပ်အမှုဆောင်အရာရှိချုပ် M.L Dispanadda Diskul က CPPF ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သည့် အစေ့ထုတ်ပြောင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များမှ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများသို့ လက်လှည့်ပြောင်းခြွေစက်များ ပေးအပ်သည်။ ဆက်လက်၍ အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ်သိမ်းပွဲတွင် အစေ့ထုတ်ပြောင်း အဖူးအလှပြိုင်ပွဲ ကျင်းပခြင်း၊ အစေ့ထုတ်ပြောင်း အဖူးချိုးပြိုင်ပွဲကျင်းပခြင်းနှင့် အစေ့ထုတ်ပြောင်း အစေ့ခြွေပြိုင်ပွဲ ကျင်းပကြပြီး ဆုရရှိသူများကို ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များမှ စီ-ပီ မြေဝိဇ္ဇာ သဘာဝဓါတ်မြေဩဇာ အိတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ပင်လောင်းမြို့နယ်အတွင်း အစားထိုးဖွံ့ဖြိုးရေးလေးအုပ်စုအတွင်းမှ ကျေးရွာအများအတွက် မယ့်ဖါးလုံဖောင်ဒေးရှင်းမှ ၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း ပြောင်း၊ကော်ဖီ၊လက်ဖက်စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး၊ သောက်သုံးရေရရှိရေး စီမံကိန်းများအတွက် ကျပ်သန်းပေါင်း (၂၈၀၀)ကျော် သုံးစွဲအသုံးပြုခဲ့ပြီး အဆိုပါကျေးရွာအုပ်စုများသို့ CPPF ကုမ္ပဏီမှ ပြောင်းမျိုးစေ့၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးရေး နည်းပညာများကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)