နမ့်စန်တွင် Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံး ပြိုင်ပွဲအကြို ဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံး ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက နမ့်စန်အထကကျောင်း ဘောလုံး အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အလက(ခွဲ) တာဆိုင်းဘောလုံးအသင်းနှင့် အထက(မြို့မ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အလက(ခွဲ)တာဆိုင်း ဘောလုံး အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင် အထက(ခွဲ)လေတပ် ဘောလုံးအသင်းက အထက (နမ့်စန်) ဘောလုံးအသင်းကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

သူရအောင်(ပြန်/ဆက်)