ဝိုင်းမော်မြို့နယ်၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

ဝိုင်းမော် နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူကော်မတီ၏ ဦးဆောင်မူဖြင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉နာရီက အမှတ် (၁) ရပ်ကွက်ရှိ ဧရာဝတီမြစ်၊ သပြေကုန်းမြစ်ဆိပ်၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှူး ဒေါ်လှကေသီမာက အမှာစကား ပြောကြားရာတွင် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်သတိပေးချက်များ ရယူ၍ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမူလျော့နည်းအောင် ကြိုတင်ပြင်ဆင်ကာကွယ်မူများ စသည်များ ဆောင်ရွက်နိုင်အောင် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် ဝိုင်းမော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူအဖွဲ့ဝင် ဦးကြည်ထွန်းက ခုလို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအားဖြင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူအဖွဲ့ ဆပ်ကော်မတီများအလိုက် အချိတ်အဆက် မိမိဆောင်းရွက်နိုင်ခြင်း၊ ပြုလုပ်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ခြင်း၊ ဆုံးရှုံးမူအနည်းဆုံးနဲ့ လွတ်မြောက်အောင် လုပ်နိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မူအား ကောင်းလာခြင်းစသည်တို့ကို ပြောကြားသည်။

ထို့နောက် ရေးဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာတွင် ဝိုင်းမော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆပ်ကော်မတီများ အလိုက် ရေဘေးအန္တရာယ်သတင်းအား ပြည်သူများထံ ပြန်ကြားဆောင်ရွက်ခြင်း၊ ဘေးသင့် ပြည်သူများအား ယာယီခိုလှုံရာနေရာသို့ ပြောင်းရွှေ့ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ အိမ်‌ထောင်စုလူဦး‌‌ရေစာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်သည်။

အဆိုပါ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ကချင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူကော်မတီ၊ ဝိုင်းမော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု(၁၂၀)ဦး ပါဝင်ဇာတ်တိုက်‌ လေ့ကျင့်ခဲ့သည်။

ဖြူစင်(ပြန်/ဆက်)