မန္တလေးစွယ်တော်မြတ်စေတီ (၂၇)ကြိမ်မြောက်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ကဏ္ဍ ၅ ခုဖြင့် စည်ကားစွာ ကျင်းပမည်

မဟာအောင်မြေ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ မန္တလေးစွယ်တော်မြတ်စေတီ၏ (၂၇)ကြိမ်မြောက်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကဏ္ဍ ၅ ခုဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း စွယ်တော်မြတ်စေတီ၊ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

စွယ်တော်မြတ်စေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နတ်တော်လဆန်း ၃ ရက်၊ ၄ရက်၊ ၅ ရက်နေ့တို့တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကိုဗစ်ကာလ၂ နှစ်တွင် ဂေါပကအဖွဲ့မှ အကျဉ်းချုပ် ကျင်းပခဲ့ရာမှ ယခုနှစ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

“နှစ်စဉ် စည်စည်ကားကားကျင်းပခဲ့ရာက ကိုဗစ်ကြောင့် ၂ နှစ်လောက် အကျဉ်းချုပ်ကျင်းပခဲ့ပြီး ဒီနှစ်မှာကဏ္ဍ ၅ ခုနဲ့ စည်ကားစွာကျင်းပမှာပါ။ ကြာသင်္ကန်းကပ်လှုတာ၊ ဆီးမီးကိုးထောင် လှူဒါန်းတာ၊ ဆွမ်းဆန်စိမ်း လှူဒါန်းတာ တွေပါဝင်မယ်။ ဆရာတော်၊ သံဃာတော် ၄၅ ပါး ပင့်ဖိတ်ထားပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ မည်သူမဆိုပါဝင် လှူဒါန်းနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ပါဝင်မည့် ပွဲတော်များမှာ ရွှေကြာသင်္ကန်း ရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ ဆီမီးကိုးတောင် ပူဇော်ပွဲနှင့် ဓမ္မစကြာရွတ် ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲတို့ပါဝင်ပြီး စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“နတ်တော်လဆန်း ၃ရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းမှာ ရွေကြာသင်္ကန်းရက်လုပ်ခြင်းနဲ့ ဆီမီးကိုး ထောင်ပူဇော်ပွဲ၊ ဓမ္မစကြာရွတ်ဖတ်ကြမယ်။၂၆ ရက်မနက် ၅ နာရီမှာ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပြီးရင် ဆွမ်းဆန်စိမ်းလှူဒါန်းမယ်။ပြီးတာနဲ့ ဆွမ်းဆက်ကပ်ကြမှာ ဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားသည်။

မန္တလေးမြို့၊ စွယ်တော်မြတ်စေတီကို ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် မြေသန့်မင်္ဂလာနှင့် ပန္နက်တင် မင်္ဂလာကျင်းပပြီး စေတီတော်တည်ခြင်းကို စတင်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာတွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းနှင့် ထီးတော်တင်လှူခဲ့သည့် နတ်တော်လဆန်း ၃ ရက်နေ့ကို ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် ရွေးချယ်ကျင်းခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း