ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ပင်းတယ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာမူလတန်း (G-5) သင်ရိုးသစ်နှင့် အခြေခံပညာအလယ်တန်းအဆင့်(G-9) သင်ရိုးဟောင်းစာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပခဲ့ရာ ဒေသအဆင့်ပညာရေးမှူး ဦးခင်ဇော်ထွန်းမှ အမှာစကား ပြောကြားသည်။

ထိုသို့ ပြောကြားပေးရာတွင်နိုင်ငံတော်အနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ်မှစပြီး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဦးစားပေးအနေနဲ့ သတ်မှတ်ထားသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အခြေခံမူများနယ်ပယ်(၉)ရပ်နှင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များနှင့် အရွယ်ရောက်လာသူများ ဘဝတစ်သက်တာ ပညာသင်ယူမှုရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ပညာရေးစနစ်မှာ တီထွင်ဖန်တီးတတ်သော၊ ဆက်သွယ်ပြောဆိုတတ်သော၊ ပြဿနာကို ဖြေရှင်းတတ်သော နိုင်ငံ့သားကောင်း သမီးမွန်များ ပညာပြည့်ဝနှလုံးလှ အသုံးကျသူများကို မွေးထုတ်ပေးဖို့ အားလုံး ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဒီကနေဖြစ်ပေါ်နေသော အခြေအနေအပေါ်တွင် အတွေးမမှား အယူအဆမမှားဘဲ နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းကမ်းကို လိုက်နာ၍ ဆရာ/ဆရာမ တာဝန်ဝတ္တရားများကို စေတနာ၊ ဝါသနာ၊ အနစ်နာ အပြည့်ဖြင့် ဆောင်ရွက်ပေးကြဖို့ စသည်ဖြင့် ဒေသအဆင့် ပညာရေးမှူးမှ ပြောကြားပေးခဲ့သည်။

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းနည်းပြ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သက်မှုမှ ဦးဆောင်၍ နည်းပြ ဆရာ/ဆရာမ (၅)ဦး၊ ကြီးကြပ်ရေးမှူးဆရာ/ဆရာမ (၂)ဦးတို့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ ထက်၊လယ်၊မူ ကျောင်းအုပ်ဆရာ/ဆရာမကြီး စုစုပေါင်း (၂၃၈)ဦးတို့အား သင်ခန်းစာများကို ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကိုဦး(ပြန်/ဆက်)