တောင်သာ နိုဝင်ဘာ ၁၉
တောင်သာမြို့ မြိုနယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့မစည်ပင်သာယာဈေးကြီး သို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်သာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာနှင့် မီးသတ်တပ်ဖွဲ့များ၊မြို့နယ် စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးချမ်းငြိမ်း၊ ဈေးကော်မတီများက မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်ပြီး ဈေးအတွင်း ရှိ ကုန်စုံဆိုင်ခန်းများ၊စက်ချုပ် ဆိုင်ခန်းများ၊အထည်ဆိုင်များ၊အခြားသော ဈေးဆိုင်ခန်းများနှင့် လျှပ်စစ်ပစ္စည်းဆိုင်များမှ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်၊ ရေအိတ်၊ သဲအိတ်၊ လှေကား၊ မီးသတ်ဆေးဘူး၊ အုတ်ရေလှောင်ကန်များတွင် ရေများ ထားရှိမှု ရှိ၊ မရှိ စသည်များအား စစ်ဆေးခြင်း၊ မီးသတ် ဆေးဘူးများ အရေးပေါ်သုံးစွဲနိုင်မှုအတွက် သက်တမ်းရှိ၊ မရှိ အရေးပေါ်ဖြစ်လျှင် လုပ်ဆောင်ထားရှိမှု ရှိ၊ မရှိအား ကွင်းဆင်း ကြည့်ရှုပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)