ကျိုင်းတောင်းမြို့ မြို့မစျေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျိုင်းတောင်း နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပွင်းလင်းရာသီ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်နိုင်ရန် မြို့မီးသတ်ဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုင်းတောင်းမြို့မစျေးသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ ကျိုင်းတောင်းမြို့စည်ပင်သာယာရေးဌာနမှ ဦးသီဟအောင်နှင့် ဝန်ထမ်းများက ကျိုင်းတောင်းမြို့မစျေးအတွင်းသို့ သွားရောက်ပြီး ၎င်းဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ခန်းများ၊ စက်ချုပ်ဆိုင်ခန်းများ၊ အထည်ဆိုင်များ၌ အရေးပေါ် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထားရှိရေးနှင့် ဈေးဆိုင်များမှ အသုံးပြုနေသည့် မီးသတ်ဆေးဘူးများ အရေးပေါ်သုံးစွဲနိုင်မှု သက်တမ်းရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို  တာဝန်ရှိသူများက လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)