မိုးညှင်း နိုဝင်ဘာ ၁၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားပေါ်၌ နိုဝင်ဘာ တတိယပတ်တွင် ဒေသခံရွာသူရွာသားများနှင့် ဘုရားဖူးပြည်သူများက သန့်ရှင်းရေးလုပ်အားဒါနဖြင့် တပျော်တပါး လာရောက်ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ လာရောက်ကုသိုလ်ပြုကြရာတွင် မမုန်ကိုင်ကျေးရွာမှ အလှူရှင် ဦးဆန်းဝင်းနှင့် ဒေါ်ပြုံးကြည်တို့ ဦးဆောင်မှုဖြင့် ရွာသူရွာသားများနှင့် အနယ်အနယ်အရပ်ရပ်မှ ဘုရားသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများက ဘုရားရင်ပြင်ပေါ်မှ အင်းရေများ ကျဆင်းလာသဖြင့် ရေညှိ ရေမှော်ပင် ဒိုက်များတင်ကျန်နေသည့် အမှိုက်များကို ရှင်းလင်းခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဘုရားစေတီပုထိုးတော်များအား ရေသပ္ပါယ်ပေးခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ လဲလှယ်ကပ်လှူပူဇော်ခြင်းတို့ကို တပျော်တပါး စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနကုသိုလ် ပြုခဲ့ကြကြောင်း သိရသည်။
ရွှေမဉ္ဇူ(အင်းတော်ကြီး) ဘုရားပွဲတော်ကို တပေါင်းလဆန်း (၈)ရက်နေ့စတင်၍ တပေါင်းလပြည့်နေ့ထိ အစဉ်အလာမပျက် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုအခါတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသော်လည်း လပြည့်နေ့၌ အကျဉ်းချုံးအနေဖြင့် ဆရာတော် သံဃာတော်များအား အမှူးထား၍ ဆွမ်းတော်ကြီးကပ်လှူပွဲကို ကျင်းပလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း