တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်

တောင်ဥက္ကလာပ   နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့်ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၁)ရပ်ကွက်၊ မြသီတာအိမ်ယာ၊ Teacher Thuzar ကိုယ်ပိုင်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်‌ ဒေါက်တာအေးငြိမ်းစိုးနှင့် ဆရာမများက အစာအုပ်စု(၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင်စားသောက်ရန်၊ တစ်ကိုယ်‌ရည်သန့်ရှင်းမှု အထူးဂရုပြုရန်၊ သွားနှင့်သွားဖုံး ကျန်းမာရေးအတွက် စနစ်တကျ  သွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေး ဂရုပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျလက်ဆေးကြရန် စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကိုဆောင်ရွက်‌‌ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)