မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) မှ အငြိမ်းစားမိဘပြည်သူများ၏ ပင်စင်လစာများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေးသွားမည်

မန္တလေး၊  စက်တင်ဘာ ၂၁

မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) မှ အငြိမ်းစားမိဘပြည်သူများ၏ ပင်စင်လစာများကို ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးသွားမှာဖြစ်မည်ဖြစ် ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) မှ သိရသည်။
 “ကိုဗစ်-၁၉ စတင်ကူးစက်မှုဖြစ်စဉ်တုန်းက ဧပြီနဲ့မေလပိုင်းတွေတုန်းက အ.ထ.က (၁) မှာ ပင်စင်စားတွေကို ပင်စင်လစာပေးခဲ့ပါတယ်၊ ပြီးခဲ့တဲ့လက အထက်တန်းကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုပြီး စီစဉ်နေတဲ့အတွက် အ.မ.က (၂၁) မှာ ပေးခဲ့ရတယ်၊ အခုအ.ထ.က (၁) မှာပဲ စက်တင်ဘာလကစပြီး ပင်စင်လစာတွေကို ထုတ်ပေးသွားမှာပါ၊ ရောက်တာနဲ့ တစ်ပြိုင်တည်းတန်းထုတ်လို့ရအောင် ကွန်ပျူတာစက်လေးလုံးနဲ့ စီစဉ်ထားပါတယ်၊ တစ်ခါထုတ်ပေးရင် လေးဦးထုတ်ပေးနိုင်မှာပါ၊ နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်၊ လာထုတ်မယ်ဆိုရင် စက်တင်ဘာ ၂၁ ရက်နေ့မှာ စုပြုံမထုတ်ဘဲ ၂၉ ရက်နေ့အထိ ထုတ်ပေးသွားမှာပါ၊ စက်တင်ဘာ ၂၃၊ ၂၄၊ ၂၅၊ ၂၈ ရက်တွေမှာဆိုရင် လူရှင်းတဲ့အတွက် အဲဒီနေ့တွေမှာ နေ့ခင်းပိုင်းအေးအေး ဆေးဆေး လာထုတ်လို့ရပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ စီစဉ်ဆောင်ရွက်ပေးထားပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)မှ မန်နေဂျာ ဦးမျိုးထက်အောင်ကပြော သည်။
စက်တင်ဘာလအတွက် ထုတ်ပေးရမည့်ပင်စင်လစာများကို စက်တင်ဘာလ ၂၁ ရက်မှ ၂၉ ရက်အထိ ထုတ် ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာခြင်းကြောင့် ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပင်စင်စားများအနေဖြင့် စုပြုံကာလာရောက်ထုတ်ယူစရာမလိုဘဲ နောက်ရက်များတွင် လည်းထုတ်ယူနိုင်ကြောင်း၊ လာရောက်ထုတ်ယူမည့် အငြိမ်းစားမိဘပြည်သူများကိုလည်း လက်ဆေးပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းစသည့်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ စီစဉ်ထားပြီး ခန်းမထဲတွင်ပင်စင်ထုတ်မည့်သူတစ်ဦးတည်းသာ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“Mask တွေ၊ Hand Gel တွေ၊ လက်အိတ်တွေ အကုန်လုံးအဆင်သင့်ပြင်ထားပါတယ်၊ ပင်စင်လာထုတ်မယ့် အဘိုးအဘွားတွေကိုလည်း ခန္ဓာကိုယ်အပူချိန်တိုင်းတာတွေ၊ လက်တွေကို ဆေးပေးတာတွေလုပ်ပေးသွားမှာပါ၊ ခန်းမထဲမှာပဲ တစ်ဦးနဲ့တစ်ဦး ခြောက်ပေစီ အကွာထားပြီး ထုတ်ပေးသွားမှာပါ၊ ပင်စင်လာထုတ်တဲ့ အဘိုးအဘွားတွေကို ဘဏ်ဝန်ထမ်းတွေ၊ ကြက်ခြေနီ၊ မီးသတ်တွေကလည်း ကူညီဆောင်ရွက်ပေးသွားမှာပါ၊ အဖော်လိုက်လာတဲ့သူတွေကို ကျောင်းဝင်းအတွင်း အဝင်မခံတော့ဘူး၊ ပြင်ပမှာစောင့်နေတဲ့အခါ လွတ်တဲ့နေရာလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေဖို့ အကြံပြုချင်ပါတယ်” ဟု ဆက်လက်ပြောသည်။
မန္တလေးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲသုံးခုရှိပြီး ဘဏ်ခွဲ(၁)တွင် ထုတ်ယူရမည့် အငြိမ်းစားမိဘပြည်သူ များ၏ ပင်စင်လစာများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ဘဏ်ခွဲ (၂) တွင် ထုတ်ယူရမည့်အငြိမ်းစားမိဘပြည်သူများ၏ပင်စင်လစာများကို အမှတ် (၈) အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ဘဏ်ခွဲ (၃) တွင် ထုတ်ယူရမည့် အငြိမ်းစားမိဘပြည်သူများ၏ပင်စင်လစာများကို ထုတ်ပေးရသည့်ပင်စင်စားဦးရေနည်းသည့်အတွက် အဆိုပါဘဏ်တွင်လည်းကောင်း ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)တွင် လစဉ်ပင်စင်စားဦးရေ တစ်သောင်းကျော် ထုတ်ပေးလျက်ရှိပြီး ထုတ်ပေးသည့်ပထမနေ့တွင် ထုတ်ယူသူများသည့်အတွက် နံနက် ၆ နာရီခွဲမှ ညနေ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်