ဇမ္ဗူသီရိ နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ မိုးစပါးစံပြကွက် စံကွက် ရိတ်သိမ်းပွဲ၊ ကောက်ရိုးထုံးခြင်း၊ နေကြာမျိုးစေ့ချခြင်း၊ ထွန်ရေးမလို မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက တဲကြီးကုန်းကျေးရွာ ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်၊ နေပြည်တော် ကောင်စီနယ် မြေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူ တောင်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်နှင့်အညီ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိ ကျေးလက်ဒေသနေ တောင်သူများမှာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်လျက်ရှိပါကြောင်း၊ မိမိတို့၏ စီးပွားရေး ဦးတည်ချက် (၃) ရပ်တွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟု ပါရှိပါကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး ပြည်နယ်များ အလိုက် ဖွံ့ဖြိုးတိုးတက် ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အတွက် ကျေးလက်နေ တောင်သူများ လူမှုဘဝ မြင့်မား ရေး၊ စီးပွားရေးကောင်းမွန်ရေးတို့အတွက် ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာ၌ ကိန်းဂဏန်းအချက်အလက်များ တွက်ချက်ရာတွင် ယခုကဲ့သို့ မိုးစပါး စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းများမှာ အရေးကြီးသည့်အတွက် ဆက်စပ်သောဌာနများ အတူတကွ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေနှင့်ပတ်သက်သည့် အကြောင်း အရာများအား ရှင်းလင်းတင်ပြပြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးက လယ်ယာသုံးစက်ကိရိယာများ အသုံးပြု ဆောင်ရွက်ခဲ့မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက မိုးစပါးအပြီး သီးထပ်အဖြစ် စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များအား တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူတောင်သူများက မိုးစပါးစံပြကွက်အား စက်ကိရိယာ အသုံးပြု၍ ရိတ်သိမ်းခြင်း၊ ကောက်ရိုးများကို စက်ကိရိယာအသုံးပြု၍ ထုံးခြင်း၊ စက်ဖြင့် နေကြာ မျိုးစေ့ချခြင်း၊ ထွန်ရေးမလိုမျိုးစေ့ချစိုက်ပျိုးခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး လေ့လာခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး ဆိုင်ရာပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့ရာ ပြခန်းတာဝန်ခံများက ရှင်းလင်း တင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)