မန္တလေးမြို့တွင် ကိုဗစ်-၁၉ အပိုဆောင်း ကျန်းမာရေးအာမခံကို အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေး

မန္တလေး၊ စက်တင်ဘာ    ၂၁

ကိုဗစ်-၁၉ အပိုဆောင်းကျန်းမာရေးအာမခံကို အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းဒေသကြီးရုံးမှ သိရသည်။
"ကိုဗစ်-၁၉ အပိုဆောင်းကျန်းမာရေးအာမခံတွေကို တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်း ကောင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အသက် ၆ နှစ်ကနေ အသက် ၇၅ နှစ်အထိ သက်တမ်းတစ်နှစ်အတွက် ထားရှိနိုင်မယ့် အာမခံအမျိုးအစားဖြစ်ပါတယ်။ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံးရဲ့ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ကျန်းမာရေးအာမခံထားရှိမယ်ဆိုရင် အိမ်တိုင်ရာရောက် သွားရောက်ဆောင်ရွက်ပေးပါတယ်။ ရုံးချိန်အတွင်း ရုံးကိုလာရောက်ပြီး ဆောင်ရွက်မယ်ဆိုရင်လည်း အမြန်ဆုံးနဲ့ချက်ချင်း ဆောင်ရွက်ပေးပါတယ်။
အသက် ၆ နှစ်ကနေ အသက် ၃၀အထိ တစ်ဦးလျှင် အခြေခံအကာအကွယ်တစ်ယူနစ်ဝယ်ယူထားရင် တစ်နှစ်လုံးအတွက် ကျပ်တစ်သောင်းတစ်ထောင်ကျပ်ကျမှာဖြစ်ပြီး အုပ်စုလိုက်ဝယ်ယူထားရင် တစ်သောင်းနဲ့ ငါးရာကျပ်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ၁၀ယူနစ်ထိ ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပရီမီယံကြေးကို လစဉ်ပေးသွင်းမယ်။ သို့မဟုတ် ၃လတစ်ကြိမ် ပေးသွင်းမယ်။ ၆လတစ်ကြိမ် သို့မဟုတ် တစ်နှစ်စာတစ်လုံးတည်း ပေးသွင်းမယ်ဆိုရင် ကြိုက်နှစ်သက်ရာကိုရွေးခြယ်ပြီး ပေးသွင်းလို့ရမှာ ဖြစ်ပါတယ်။" ဟု စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးက တိုင်းတာဝန်ခံ ဒေါ်ချိုချိုခင်က ပြောသည်။
ကိုဗစ်-၁၉ အပိုဆောင်းကျန်းမာရေးအာမခံ တစ်ယူနစ်ထားရှိသူသည် ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆ ထိခိုက်မှုကြောင့်ဖြစ်စေ ဆေးကုသမှုခံယူရလျှင် ဆေးရုံတက်စရိတ်အတွက် တစ်ရက်လျှင် တစ်သောင်းနှုန်းဖြင့် ရက်ပေါင်း ၆၀ အတွက် ၆ သိန်းခံစားခွင့်ရရှိမှာဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့လျှင် ၁၀ သိန်းရရှိမည် ဖြစ် ကြောင်း၊ ၁၀ ယူနစ်ဝယ်ယူထားလျှင် ဆေးရုံတက်စရိတ်အတွက် သိန်း ၆၀ ရရှိမှာဖြစ်ပြီး အသက်ဆုံရှုံးခဲ့လျှင် အသက်ဆုံးရှုံးစရိတ် သိန်း ၁၀၀ ရရှိမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ Positiveဖြစ်ခဲ့လျှင် တစ်ယူနစ် ဝယ်ယူထားသူသည် ဆေးရုံတက်ကုသမှုစရိတ်အတွက် တစ်ရက်လျှင် တစ်သောင်းလေးထောင်နှုန်း ရက်ပေါင်း ၆၀ အတွက် ၈သိန်း၄သောင်းရရှိမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် အသက်ဆုံးရှုံးလျှင် ၁၄ သိန်းရရှိမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် အစိုးရအာမခံအပြင် ပုဂ္ဂလိကအာမခံ ၁၁ ခု ရှိကြောင်း၊ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားချိန်တွင် ယခင်ကထက် တစ်ဝက်နီးပါး အာမခံထားသူပိုများလာကြောင်း သိရသည်။
ထိပ်ထားနိုင်